ဒီကနေ့အချိန်မှာ ကြောက်မက်ဖွယ် စိန်ခေါ်မှုကြီး(၄) ခုနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ

Posted on

မြန်မာနိုင်ငံ ဟာ အဓိက စိန်ခေါ်မှုကြီးလေးခု နဲ့ရင်ဆိုင်နေရပါ သတဲ့။ အဲဒီ စိန်ခေါ်မှုတွေကလည်း တစ်ခုနဲ့တစ်ခုဟာ ဆက်စပ်နေပါတယ်။

■ အဲဒီအထဲက အရေးကြီးဆုံးအချက် တစ်ခုကတော့ ရာသီဥတုဖေါက်ပြန်မှုဒဏ်ကို မြန်မာနိုင်ငံဟာ ဆိုးဆိုးရွားရွား ရင်ဆိုင်ရနိုင်ဖို့ရှိနေတာပါ။ ဒါဟာလည်းနောင်နှစ်ပေါင်းများစွာထိကြာတော့မှာမဟုတ်ပဲ၊လာမယ့်နှစ်အနည်းငယ်မှာကိုတွေ့ကြုံနိုင်ရပါလိမ့်မယ်လို့ဆိုပါတယ်။

■ အချက်အလက်တွေနဲ့ပြောရမယ်ဆိုရင်၊ ကမ္ဘာကြီးမှာအကြီးအကျယ်ရာသီဥတုပြောင်းလဲခဲ့တာရေခဲခေတ် (Ice Age) အဆုံးကာလမှာဖြစ်ပါတယ်။ အဲဒီတုန်းက ကမ္ဘာကြီးရဲ့အပူချိန် (၅) ဒီဂရီဆယ်လ်စီးယပ်စ် ပိုမိုပူနွေးလာခဲ့တဲ့ သက်ရောက်မှုဟာ အကြီးအကျယ်ပြောင်းလဲမှုတွေကိုဖြစ်စေခဲ့ပါတယ်။ အဲဒီတုန်းက ရာသီဥတုအပြောင်းအလဲဟာ နှစ်ပေါင်းထောင်ချီပြီးကြာမြင့်ခဲ့ပါတယ်။

■ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းလောက်ကစပြီးကမ္ဘာမြေကြီးရဲ့ရာသီဥတုဟာ အတော်လေး တည်တည်ငြိမ်ငြိမ်ရှိလာခဲ့ရာကနေ၊ ရာသီဥတုဖေါက်ပြန်မှုတွေစတင်ဖြစ်ပေါ်လာနေတာတွေ့ရပြီး၊ မြန်ဆန်တဲ့ အရှိန်နဲ့ ဖေါက်ပြန်ဆိုးရွားလာလျက်ရှိပါတယ်။

■ တကယ်လို့သာ သာမာန်အပူချိန်ထက် ၁.၅ ဒီဂ၇ီဆယ်လ်စီးယပ်စ်မြင့်တက်လာမယ်ဆိုရင်တောင်ကမ္ဘာကြီးဟာ နောက်ကြောင်းပြန်လှည့်လို့မရတဲ့ ဆိုးကျိုးတွေနဲ့ မလွဲမသွေရင်ဆိုင်ကြုံတွေ့ရတော့မှာဖြစ်ပါတယ်။

■ ကျွန်တော်တို့ ကမ္ဘာကြီးဟာ (၁) ဒီဂရီဆယ်လ်စီးယပ်စ်ကိုမြင့်ခဲ့ပြီးဖြစ်ပါတယ်။ ဒီပုံစံအတိုင်းသာ ကမ္ဘာကြီးဆက်လက်အပူချိန်ဆက်လက်မြင့်တက်နေမယ်ဆိုရင် ၂ဝ၃ဝ မှာ (၁.၅) ဒီဂရီဆယ်လ်စီးယပ်စ်ကိုရောက်ရှိလာမှာဖြစ်ပြီး၊ ဒီလိုအဖြစ်ဆိုးကိုမရောက်အောင်ကမ္ဘာကြီးကိုကာကွယ်ဖို့ (၁၁)နှစ်လောက်ပဲလိုပါတော့တယ်။

■ (၁.၅) ဒီဂရီကိုရောက်လာပြီဆိုရင် နောက်ထက် ၂ /၃/၄ ဒီဂရီတွေကို ရောက်ဖို့ မခက်တော့ပါဘူး။ အရှိန်ပိုမြန်ပြီး ဒီ Global Warming ကို တားဖို့ သိပ်ခက်သွားပါလိမ့်မယ်။

■ (၂) ဒီဂရီအထိရောက်လာခဲ့ပြီဆိုရင်တောင် မြန်မာနိုင်ငံအနေနဲ့ ဖွတ်ဖွတ်ညက်ညက်ကြေသွားနိုင်ပါလိမ့်မယ်။ နာဂစ်လို ပြင်ထန်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းတွေ၊ ပြင်ထန်းတဲ့ လေပြင်းမှုန်တိုင်းတွေ အများကြီးဖြစ်လာပါလိမ့်မယ်။ ပင်လယ်ရေမျက်နှာပြင်မြင့်လာမယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်အောက်ပိုင်းနဲ့ ရန်ကုန်မြို့အနီးဝန်းကျင်အပါအဝင်၊ပင်လယ်ကန်းရိုးတမ်းဒေသအတော်တော်များများရေအောက်ကို လုံးဝမြုပ်သွားပါလိမ့်မယ်။

■ မခံမရပ်နိုင်လောက်အောင် အပူချိန်တွေမြင့်တက်လာပါမယ်။ မိုးခေါင်မှုတွေဖြစ်မယ်၊ သီးနှံတွေရှင်သန်ဖို့ခက်မယ်၊ တိရိစ္ဆာန်မျိုးစိတ်တွေပျောက်ကွယ်မယ်၊ ရောဂါသစ်တွေပြန့်ပွားလာနိုင်ပါလိမ့်မယ်။

■ အပူချိန်ဟာ (၄) ဒီဂရီလောက်အထိသာမြင့်တက်လာပြီဆိုရင် မြန်မာနိုင်ငံဟာ လူမျိုးစုတွေ နေထိုင်လို့ရနိုင်တဲ့ အခြေအနေ မရှိတော့ဘူးဖြစ်သွားပါလိမ့်မယ်။ ဧရာဝတီမြစ်ဝကျွမ်းပေါ်နဲ့ ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး ကွယ်ပျောက်သွားပါလိမ့်မယ်။ ရန်ကုန်မြို့ဟာလည်း ကျွန်းတစ်ခုအဖြစ်သာကျန်ခဲ့နိုင်ပါတော့မယ်။

■ ချမ်းသာတဲ့နိုင်ငံတွေ အနေနဲ့တော့ နည်းပညာသစ်တွေ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ကြိုးစားပြောင်းလည်းနိုင်မယ် ဆိုရင်တောင် မြန်မာအတွက် ကတော့ သိပ်နောက်ကြသွားနိုင်ပါလိမ့်မယ်။

■ ဒီကိစ္စတွေဟာ မြန်မာပြည်သူပြည်သားတွေလုပ်ခဲ့တာ မဟုတ်ပေမယ့်၊ ဖြစ်လာရင်ခံစားရမှာကတော့ သန်း (၅ဝ) ကျော်သော မြန်မာနိုင်ငံသူနိုင်ငံသားတွေဖြစ်ပါတယ်။ ဒါတွေကိုရင်ဆိုင်နိုင်ဖို့ ကျွန်တော်တို့မှာ အရင်းအမြစ်တွေ မရှိတဲ့အတွက် မြန်မာနိုင်ငံအနေဲ့ ငွေကြေးထောက်ပံ့မှု အလုံးအရင်းကို တောင်းဆိုသင့်ပါတယ်။ ယူကေနဲ့ အိုင်ယာလန်တို့ဟာ ရာသီဥတုအရေးပေါ်အခြေအနေကို ကြေညာပြီးဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေလို မြန်မာနိုင်ငံဟာလည်း ကြေငြာသင့်ပါတယ်။

(ဒေါက်တာသန့်မြင့်ဦး)

Leave a Reply

Your email address will not be published. Required fields are marked *