ကမ္ဘာ့အကြီးဆုံးမိသားစု ကို ပိုင်ဆိုင်ထားတဲ့ အသက်(၈၇)နှစ်အရွယ် ယူကရိန်းအဖိုးအို

Posted on

(၁၃)ဂဏန်း ဆိုတာ အနောက် တိုင်းသားတွေ အတွက်တော့ ကံမကောင်းတဲ့ နံပါတ် တစ်ခုပါ ။ ဒါပေမယ့် ယူကရိန်းနိုင်ငံသား ပေဗယ်လ် ဆီမီယွတ် ( Pavel Semenyuk ) အတွက်တော့ ( ၁၃ )ဂဏန်းဟာ ကံကောင်းခြင်းတွေ ကို သယ်ဆောင်လာပေး တဲ့ ဂဏန်း တစ်ခုဖြစ်ခဲ့ ပါတယ်။

ပေဗယ်လ်ဟာ ယူကရိန်းနိုင်ငံတောင်ပိုင်း အိုဒက်ဆာပြည်နယ်က ဒိုဘရိုဆလပ်ဗ်ကျေးရွာမှာ နေထိုင်တဲ့ အသက်(၈၇)နှစ်အရွယ် အဖိုးအိုတစ်ဦးပဲ ဖြစ်ပါတယ်။ ကုသိုလ်ကံ ထူးခြားလွန်းတဲ့ ပေဗယ်လ်ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားတွေပိုင်ဆိုင်ဖို့ ခက်ခဲလွန်းတဲ့ အရာတစ်ခုကို ပိုင်ဆိုင်ထားသူ တစ်ဦးပါ။ ဒါကတော့ သူ့ရဲ့ မိသားစုပဲ ဖြစ်ပါတယ်။

ပေဗယ်လ်နဲ့ သူ့ရဲ့ ဇနီးမှာ သားသမီး(၁၃)ယောက် ရှိပါတယ်။ သားသမီး (၁၃)ယောက်ကနေ မွေးဖွားခဲ့တဲ့ မြေး ပေါင်း (၁၂၇)ယောက်ရှိပြီး ၊ အဲဒီမြေးတွေကမှ ပြန်ပြီး မွေးဖွားထားတဲ့ မြစ်ပေါင်း (၂၀၃)ယောက်ရှိကာ အဲဒီ မြစ်တွေကမှ ပြန်မွေးဖွားထားတဲ့ တီပေါင်း(၃)ယောက်အထိလည်း ရှိနေပါတယ်။ သူကိုယ်တိုင် အပါအ၀င် စုစုပေါင်း လူဦးရေ (၃၄၆)ယောက်ရှိတဲ့ ဧရာမ မိသားစုကြီးကို ပေဗယ်လ်တစ်ယောက် ပိုင်ဆိုင်ထားတာပါ။

မိသားစုဝင်တွေက များပြားလွန်းတဲ့ လူတိုင်းရဲ့ နာမည်ကို မှတ်ရဖို့ကလည်း ပေဗယ်လ်အတွက် မလွယ်လှပါဘူး။ ပေဗယ်လ်က “မိသားစုထဲမှာ အသက်ကြီးတဲ့ လူတွေရဲ့ နာမည်တွေကိုပဲ ကျွန်တော်မှတ်မိပါတယ်။ အငယ်လေးတွေရဲ့ နာမည်တွေကိုတော့ ကျွန်တော် မမှတ်မိပါဘူး။ မှတ်စုစာအုပ်တစ်အုပ်နဲ့ အားလုံးရဲ့ နာမည်တွေကို မှတ်ထားမှ အဆင်ပြေပါတယ်” လို့လည်း ဖွင့်ဟရှာပါတယ်။

ဒိုဘရိုဆလပ်ဗ်ရွာမှာလည်း ပေဗယ်လ်တို့ မိသားစုဝင်တွေအတွက် သီးသန့်မြေနေရာ သတ်မှတ်ပေးထားပါတယ်။ မိသားစုဝင်ထဲက တစ်ယောက်ယောက်ရဲ့ မင်္ဂလာပွဲရှိရင်လည်း အမျိုးတွေထဲက ယောကျာ်းသားတွေစုပြီး လက်ထပ်ခါစ ဇနီးမောင်နှံအတွက် အိမ်အသစ်ဆောက်ပေးရတာ အစဉ်အလာ တစ်ခုလို ဖြစ်နေပါပြီ။ ပေဗယ်လ်ရဲ့ သမီးတစ်ဦး ဖြစ်တဲ့ အသက်(၆၆)နှစ်အရွယ် ဗီယာ ဆီမီယွတ်(Vira Semenyuk)က “အမျိုးတွေထဲမှာ မင်္ဂလာဆောင်ပဲရှိရှိ၊ မွေးနေ့ပွဲပဲရှိရှိ ကျွန်မတို့အားလုံး စုပြီး အိုးအကြီးကြီး တွေနဲ့ ချက်ပြုတ်စားသောက် ကြပါတယ်။ အရမ်းပျော်ဖို့လည်း ကောင်းပါတယ်” လို့ ပြောပါတယ်။

ပေဗယ်လ်တို့ရဲ့ မိသားစုဟာ ယူကရိန်းနိုင်ငံမှာတင်မကဘဲ တစ်ကမ္ဘာလုံးမှာပါ အကြီးမားဆုံး မိသားစုပါ။ ဂင်းနစ် ကမ္ဘာ့စံချိန် စာအုပ်မှာလည်း ကမ္ဘာ့လူဦးရေ အများဆုံး၊ အကြီးမားဆုံး မိသားစုအဖြစ် ထည့်သွင်းဖော်ပြခြင်းခံခဲ့ရပါပြီ။ ပေဗယ်တို့အရင် စံချိန်ရှင်က မိသားစုဝင် (၁၉၂)ဦးသာ ရှိပေမယ့် ပေဗယ်လ်တို့ မိသားစုက လူဦးရေ (၁၀၀)ကျော်နဲ့ အသာရပြီး ဂင်းနစ်စာအုပ်ထဲမှာ ထည့်သွင်းဖော်ပြခဲ့ရတာလည်း ဖြစ်ပါတယ်။

စံချိန်တွေ၊ မှတ်တမ်းတွေ အားလုံးထက် ပေဗယ်လ်ကို စိတ်ချမ်းသာပျော်ရွှင်စေတဲ့ အရာတစ်ခုလည်း ရှိလို့ နေပါတယ်။ ဒါကတော့ ပေဗယ်လ်ရဲ့ သက်တမ်းတစ်လျှောက် သူနဲ့သူ့ဇနီးကနေ ဆင်းသက်လာတဲ့ မိသားစုဝင်တွေ သေဆုံးတာကို မမြင်တွေ့ခဲ့ရခြင်းပါ။ ပေဗယ်လ်က “ ကျွန်တော့်ရဲ့ သားသမီး၊ မြေး၊ မြစ်တွေ သေဆုံးတာကို ကျွန်တော်လုံးဝ မမြင်ချင်ပါဘူး။ ဒီနေ့အထိလည်း မမြင်တွေ့ရသေးတဲ့ အတွက်လည်း အရမ်းဝမ်းသာမိပါတယ်” လို့ ဆိုခဲ့ပါတယ်။

#baganthar

Zar Ni via Heain Minn Zar

Source : DailyMail

Leave a Reply

Your email address will not be published. Required fields are marked *