ဗုဒ္ဓဘာသာဝင် တို့အတွက် အထွတ်အမြတ် ထားရာ ” ဗုဒ္ဓဂယာ “

Posted on

ဗုဒ္ဓ ဘာသာဝင် တို့ အတွက် အထွတ်အမြတ် ထားရာ ” ဗုဒ္ဓဂယာ ”

မြတ်စွာ ဘုရားရှင် သက်တော် ထင်ရှား ရှိစဉ် အခါ က သတ္တသတ္တာဟ ခုနစ် ဌာနအပါ အဝင် သံဝေဇနိယလေးဌာန တို့ မှာ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်း တို့ အတွက် တန်ဖိုးမဖြတ်နိုင် သည့် အထင်ကရ အထောက်အထားများ တည်ရှိရာ နေရာများ ဖြစ် သည် ။

ယခုအခါ အိန္ဒိယနိုင်ငံနှင့် နီပေါနိုင်ငံရှိ မြတ်စွာဘုရားရှင်၏ သံဝေဇနိ ယ လေးဌာန ပုံစံ တူစေတီတော် အဆောက်အအုံများ ကို မြန်မာနိုင် ငံ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဥဒယံသီ ကုန်းတော်မြတ်တွင် တည်ဆောက် ပြီးစီး ၍ နေ့ထူးနေ့မြတ် ကဆုန်လပြည့်နေ့ တွင် ခမ်းခမ်းနားနား ဖွင့်လှစ်ကြည်ညိုနိုင် ကြတော့မည် ဖြစ်သည်။

မြတ်စွာဘုရားရှင်သည် ပရိနိဗ္ဗာန် စံဝင်တော်မူခါနီးတွင် ညီတော်အာနန္ဒာအား ”ချစ်သား၊ ရတနာသုံးပါး၌ ကြည်ညိုသဒ္ဓါ တရားရှိသော အမျိုးကောင်းသား တို့အတွက် သွားရောက်ဖူးမြော်သံဝေဂယူသင့်သော ဌာနလေးဌာနရှိ ကုန်၏။ နောင်အခါ သဒ္ဓါ တရားရှိသော ရဟန်းယောက်ျားများ၊ ရဟန်း မိန်းမများ၊ ဥပါသကာ ဒါယကာ၊ ဥပါသိကာ ဒါယိကာမများသည် ဤလေး ဌာနသို့ သွားလာရောက်ကုန်လတ္တံ့။ ချစ်သား အာနန္ဒာ အကြင်လူတို့သည် ဘုရားဖူး ခရီးလှည့်လည်မှုကို ပြု၍ ကြည်ညိုစိတ်ဖြင့် သေလွန်ကုန်၏။ ထိုလူအားလုံးတို့သည် ဤခန္ဓာကိုယ် ပျက်စီးသေလွန်ပြီးနောက် နတ်ရွာသုဂတိသို့ ရောက်ကြကုန်လတ္တံ့”ဟု ဟောကြားတော်မူခဲ့သည်။

သံဝေဇနိယလေးဌာန

ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ် ထားရာဖြစ်သော မြတ်စွာဘုရားရှင်၏ ဘဝ ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ရာ သံဝေဇနိယ လေးဌာနဆိုသည်မှာ (ဖွား၊ ပွင့်၊ ဟော၊ စံ) ဆိုသည့်အတိုင်း မြတ်စွာဘုရားရှင် ဖွားမြင် တော်မူရာ လုမ္ဗိနီဥယျာဉ်၊ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသော မဟာဗောဓိ ပလ္လင် တော်၊ ပဉ္စဝဂ္ဂီငါးဦးကို တရားဦး ဓမ္မစကြာ ဟောတော်မူရာ ဣသိပတန မိဂဒါဝုန်တော နှင့် ပရိနိဗ္ဗာန်စံတော်မူရာ ကုသိနာရုံ အင်ကြင်းဥယျာဉ်တော် တို့ဖြစ်သည်။

ဗုဒ္ဓဘာသာဝင်တို့သည် ဗုဒ္ဓ၏ အထင်ကရနယ်မြေဖြစ်သော မဇ္ဈိမဒေသရှိ သံဝေဇနိယလေးဌာနကို သမိုင်းမှတ်တမ်း အဖြစ် နှစ်စဉ်နှစ်တိုင်း သွားရောက်ဖူးမြော် ကြည်ညိုလေ့ရှိကြသည်။ မြတ်စွာဘုရားရှင် ၏ ဇာတိမြေဖြစ်သော နီပေါသို့ ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်အဖြစ် တစ်ခေါက် တစ်ခါ သွားရောက်ဖူးမြော်လိုကြသည်မှာ ဗုဒ္ဓ ဘာသာဝင် တိုင်း၏ ပြင်းပြသော စိတ်ဆန္ဒ တစ်ခုပင်ဖြစ် သည်။ မြတ်စွာဘုရားရှင် သက်တော် ထင်ရှားရှိစဉ်က သာသနာရေး ဆိုင်ရာ အဓိကနေရာများအပြင် ဗုဒ္ဓဘာသာ ဝင်တို့အတွက် တန်ဖိုးမဖြတ်နိုင်သည့် သက်သေ အထောက် အထားအဖြစ် လေ့လာ ကြည်ညိုစ ရာ နေရာဌာနမြတ်ကြီး လည်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံသည် ဗုဒ္ဓ ဘာသာအထွန်းကားဆုံး တိုင်းပြည်ဖြစ်သည့် အားလျော်စွာ သက်တော် ထင်ရှား မြတ်စွာ ဘုရားရှင်ကိုယ်စား ရည်မှန်းကာ ကိုးကွယ်ပူဇော်နိုင်ရန်အတွက် ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီ၊ တော်မြတ်တို့ကို တည်ထား ကိုးကွယ်လေ့ရှိ ကြသည်။ ရှေးမင်းအဆက်ဆက်နှင့် ပြည်သူ အပေါင်းက သာသနိကအဆောက်အအုံ များ ဆောက်လုပ် လှူဒါန်းခြင်း၊ စေတီ ပုထိုး တော်များ တည်ထားပြီး ခေတ်အဆက်ဆက် ဗုဒ္ဓသာသနာကို ထွန်းကားပြန့်ပွားအောင် ပံ့ပိုးကူညီအားပေးဆောင် ရွက်ခဲ့ကြသည်။

သာသနာ့နွယ်ဝင် ရဟန်းသံဃာတော်များ အနေဖြင့်လည်း ပရိယတ္တိ၊ ပဋိပတ္တိတရား များ ပွားများအားထုတ်ကာ မြတ်စွာဘုရားရှင် ၏ တရား ဓမ္မများကို ပြန့်ပွားထင်ရှားအောင် ဆောင်ရွက်တော်မူခဲ့ကြသည်။
ယခုအခါ တစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာဝင် နိုင်ငံသားအားလုံးအတွက် ဖူးမြော်ကြည်ညို ခွင့်ရနိုင်စေရန် ဗုဒ္ဓဂယာ မဟာဗောဓိစေတီ တော်နှင့် သတ္တသတ္တာဟ ခုနစ်ဌာနတို့၏ ပုံစံတော်တူကို မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်ကောင်စီ ဥတ္တရသီရိမြို့နယ်တွင် သတ္တသတ္တာဟ ခုနစ်ဌာန တို့ကို ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က စတင် တည် ထား တော်မူခဲ့ပြီး ၂ဝ၁၃ ခုနှစ် မေလ ၂၄ ရက်တွင် အောင်မြင်ပြီးမြောက် ခဲ့သည်။

သတ္တသတ္တာဟ ခုနစ်ဌာနနှင့် ဘုရားဖြစ်စဉ်အကျဉ်း သတ္တ သတ္တာ ဟ ခုနစ်ဌာနဆိုသည်မှာ အပရာဇိတပလ္လင်တော်၊ အနိမိသစေတီတော်၊ ရတနာစင်္ကြံတော်၊ ရတနာရွှေအိမ်တော်၊ အဇပါလညောင်ပင်၊ မုစလိန္ဒာ ကျည်းပင် အိုင်နှင့် လင်းလွန်းပင်တို့ ဖြစ်သည်။

မြတ်စွာဘုရားရှင်သည် ဘီစီ ၆၂၃ (မဟာသက္ကရာဇ် ၆၈ ခု) ကဆုန် လပြည့် သောကြာနေ့တွင် ဖွားမြင်တော်မူပြီး သက်တော် (၂၉)နှစ်အရွယ်တွင် နိမိတ်ကြီး လေးပါးမြင်ကာ သံဝေဂရရှိပြီးနောက် တောထွက်တော်မူခဲ့သည်။ ဒုက္ကရစရိယာကို ခြောက်နှစ်ကြာကျင့်ခဲ့ပြီးနောက် မဇ္ဈိမပဋိပဒါ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ဖြင့် သစ္စာလေးပါးကို သိမြင်တော်မူပြီး အတုမရှိ ဗုဒ္ဓမြတ်စွာအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။

မိဂဒါဝုန်တောတွင် ပဉ္စဝဂ္ဂီငါးဦးကို တရားဦးဓမ္မစကြာ ဟောတော်မူခဲ့ သည်။ မြတ်စွာဘုရားရှင်သည် ၄၅ ဝါ ကာလပတ်လုံး လူ၊ နတ်၊ သတ္တဝါအပေါင်းတို့အား တရား ဒေသနာများ မနားမနေ ဟောဖော်ညွှန်ပြပြီး သက္ကရာဇ် ၁၄၈ခု၊ (ကဆုန်လပြည့်) အင်္ဂါနေ့ သက်တော်(၈ဝ) အရွယ်တွင် ပရိနိဗ္ဗာန်စံဝင် တော်မူခဲ့သည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ ဟူသော ပိဋကတ် သုံးပုံတရားတော်များ၏အနှစ်ချုပ်အနေဖြင့် ”အပ္ပမာဒေန သမ္မာ ဒေထ”ဟူ၍ နောက်ဆုံးသြဝါဒ မြွက်ကြားတော် မူခဲ့သည်။

ဖွား

မြတ်စွာဘုရားရှင် ဖွားတော်မူရာ လုမ္ဗိနီဥယျာဉ်သည် ကပိ လဝတ် ပြည်နှင့် ဒေဝဒဟပြည်အကြား သက္ကတိုင်း (ယခုနီပေါ) နိုင်ငံ အတွင်းတွင် တည်ရှိသည်။ နေပြည်တော် ရှိ သံဝေဇနိယ ဖွားတော်မူရာ ပုံစံတူကို ဥတ္တရသီရိမြို့နယ်၌ တည်ထားပူဇော်ခဲ့သည်။

ပွင့်

မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ ရောက်တော်မူသည့် မဟာဗောဓိ ပလ္လင် တော်သည် မာဂဓတိုင်း သေနာနိဂုံး နေရဉ္စရာ မြစ်ရှိရာ ဥရုဝေလတော (အိန္ဒိယနိုင်ငံ ဘီဟာ ပြည်နယ် ဂယာဒေသအတွင်း) တည်ရှိသည်။

မြတ်စွာဘုရားရှင်သည် သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရရှိတော်မူပြီး ကဆုန်လပြည့် ကျော် ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ခုနစ်ရက် ပတ်လုံး အပရာဇိတပလ္လင်တော်၌ ထက်ဝယ်ဖွဲ့ ခွေထိုင်နေတော်မူလျက် အရဟတ္တဖိုလ်ချမ်း သာကိုခံစားတော်မူသည့် အထိမ်းအမှတ်မှာ ပထမသတ္တာဟဖြစ်သည်။

အပရာဇိတပလ္လင်တော်၏ အရှေ့ မြောက် ထောင့်အရပ် ၈၄ လံအကွာတွင် ရပ်တော်မူ၍ သဗ္ဗညုတဥာဏ်ရတော်မူရာ ပလ္လင်တော်နှင့် မဟာဗောဓိပင်ကို မျက်လုံး တော်မမှိတ်ဘဲ မတ်တတ်ရပ်သီတင်းသုံး၍ ကြည့်ရှုတော်မူ သည့်နေရာသည် ဒုတိယ သတ္တာဟဖြစ်သည်။ တတိယသတ္တာဟသည် လူ၊ နတ်၊ ဗြဟ္မာတို့၏ ဘုရားဖြစ်ခြင်းအပေါ် ယုံမှားသံသယဖြစ်ခြင်းကို ဘုရားရှင် သိတော် မူ၍ ရေမီးအစုံစုံ တန်ခိုးပြာဋိဟာကို ပြတော် မူပြီး အပရာဇိတ ပလ္လင်တော်နှင့် အနိမိသ သတ္တာဟအကြား နတ်ဗြဟ္မာတို့ဖန်ဆင်း ထားသည့် အရှေ့၊ အနောက်၊ တောင်၊ မြောက် အလျား ၆ဝ ရှိသော ရတနာစင်္ကြံတော် တွင် လူးလာခေါက်တုံ့စင်္ကြံလျှောက်သည့် နေရာ ဖြစ်သည်။

မဟာဗောဓိပင်၏ အနောက်မြောက် အရပ်တွင် နတ်ဗြဟ္မာတို့ ဖန်ဆင်းထားသည့် ရတနာ ရွှေအိမ်တ်ာတွင် ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူစဉ် ပဋ္ဌာန်းကျမ်းတော်ကြီး သုံးသပ်ဆင်ခြင်သည့်အခါ အသွေးအသားတော် များ ပိုမိုကြည်လင်လာပြီး ရောင်ခြည်တော် ခြောက်သွယ် ပေါ်ထွက်ကွန့်မြူးလာသည့် နေရာမှာ စတုတ္ထသတ္တာဟဖြစ်သည်။

မဟာဗောဓိပင်၏ အရှေ့ဘက်အရပ် ၃၂ လံ အလျားရှိသော အဇပါ လညောင်ပင် ရင်းတွင် သီတင်းသုံးတော်မူသည့်အခါ ဟုံဟုင်္ကပုဏ္ဏားနှင့် မာရ်နတ်မင်း၏သမီးတော် သုံးပါးကို တရားဟောခဲ့သည့်အထိမ်းအမှတ်မှာ ပဉ္စမသတ္တာဟဖြစ်သည်။ ဆဋ္ဌမသတ္တာဟမှာ ဗောဓိပင်၏ အရှေ့တောင်အရပ် ၅၁ လံခန့် အကွာတွင်ရှိသည့် မုစလိန္ဒာအိုင်အနီး ကျည်းပင်ရင်းတွင် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေ တော်မူလျက် အရဟတ္တဖိုလ်ချမ်းသာကို ခံစားတော်မူစဉ် အချိန်အခါမဲ့ မိုးကြီးရွာသဖြင့် မုစလိန္ဒာ နဂါးမင်းက ဘုရားရှင်အား အခွေ ခုနစ်ထပ် ရစ်ပတ်ကာရံပြီး ဦးခေါင်းတော် ထက်၌ ပါးပြင်းဖြင့် ဖြန့်ကြက်အုပ်မိုးပေးသည့် မုစလိန္ဒသတ္တာဟဖြစ်သည်။

သတ္တမသတ္တာဟသည် ရာဇာယတန သတ္တာဟဖြစ်ပြီး မဟာဗောဓိပင် ၏ တောင်ဘက်အရပ် အလံ ၄ဝ အကွာတွင် ရှိသည့် လင်းလွန်းပင်ရင်းတွင် အရဟတ္တဖိုလ် ချမ်းသာကို ခံစားပြီး သီတင်းသုံးတော်မူသည့် အထိမ်း အမှတ်ဖြစ်သည်။

သတ္တသတ္တာဟ ခုနစ်နေရာတည်ဆောက် ရာတွင် မဟာဗောဓိစေတီတော်နှင့် သတ္တ သတ္တာဟ ခုနစ်ဌာနတို့ကို ဗုဒ္ဓဂယာ၌ တည်ရှိ သည့် ပုံစံအတိုင်း ထောင့်အရပ်တူ၊ အကွာ အဝေးတူ၊ ပုံစံတူ တည်ဆောက်ခြင်းဖြစ်ပြီး အလားတူစေတီတော်ကို တည်ထားရာတွင် ပိဋကတ်တော် ကျမ်းဂန်လာ အစဉ်အလာ များဖြင့် တည်ထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ သတ္တသတ္တာဟခုနစ်ဌာနကို တည်ထားကိုးကွယ်နိုင်ရန် အတွက် မြန်မာ ပညာရှင်များကို ဗုဒ္ဓဂယာသို့ သီးခြား စေလွှတ်၍ အသေးစိတ်အချက်အလက်များကို မှတ်သားစေခဲ့ပြီး မြန်မာမှုနှင့်လျော်ညီသည့် အနုစိတ်လက်ရာများအဖြစ် ပြောင်းလဲပူဇော် တည်ဆောက်ထားခြင်းဖြစ်သည်။

ဟော

ပဉ္စဝဂ္ဂီငါးဦးကို တရားဦးဓမ္မစကြာ ဟောတော်မူရာ ဣသိပတနမိဂဒါဝုန်တော သည် ကာသိတိုင်း ဗာရာဏသီပြည် ဆာရာ နတ်ပြည်နယ်တွင် တည်ရှိသည်။ တရားရတနာ နှင့် သံဃာရတနာစတင် ပေါ်ထွန်းရာ မိဂဒါဝုန်ဌာနရှိ ဓမ္မရာဇိကစေတီ နေရာသည် ဓမ္မစကြာသုတ်တော် ဟောကြားတော် မူသည့် နေရာဖြစ်သည်။

ဓမ္မေခစေတီ တော်ကြီးသည် ဗုဒ္ဓဓမ္မမော်ကွန်းစေတီတော် ကြီးဖြစ်ပြီး အနတ္တလက္ခ ဏသုတ်တော် ဟောကြားရာဌာန၊ အရိမေတ္တယျဘုရား အလောင်းတော်အား ဗျာဒိတ်ပေးရာနေရာလည်းဖြစ်သည်။
သံဝေဇနိယပုံစံတူ ဓမ္မရာဇိက စေတီ တော် တည်ဆောက်ရာတွင် မူရင်း စေတီတော်၏ အုတ်ချပ်အရွယ်အစား အတိုင်း ပြုလုပ် တည်ဆောက်ထားသည်ကို တွေ့ရသည်။ ဓမ္မေခ စေတီတော်ကို တည်ဆောက်ရာတွင် အိန္ဒိယနိုင်ငံရှိ စေတီ တော်ကို အပိတ် တည်ဆောက်ထားသော် လည်း မြန်မာနိုင်ငံတွင် အတွင်းလိုဏ်ဂူဖြင့် ထည့်သွင်းတည်ဆောက်ထားပြီး လိုဏ်ဂူ တော်အတွင်း၌ ပဉ္စဝဂ္ဂီငါးပါးနှင့် မြတ်စွာဘုရား ရုပ်ပွားတော် တို့ကို စကျင်ကျောက်ဖြင့် ထုလုပ်ပူဇော်ထားသည်။

စံ

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူရာ အင်ကြင်းဥယျာဉ်သည် မလ္လတိုင်း ကုသိနာရုံပြည် ပဒရောတ်နာ မြို့တွင်တည်ရှိသည်။ သံဝေဇနိ ယ လျောင်းတော်မူ ကျောင်းဆောင်နှင့် ပရိနိဗ္ဗာန်စံဝင်တော်မူပုံ ရုပ်ပွားတော် ပုံစံ တူကို နေပြည်တော်တွင် တည်ထားပြီး မူလပုံစံတော်မှာ ရွှံ့စေးဖြင့် သွန်းလုပ်ထား သော်လည်း မြန်မာနိုင်ငံတွင် စကျင် ကျောက်ဖြင့် သွန်းလုပ်ပူဇော်ထားသည်။ ပရိနိဗ္ဗာန်စေတီတော်ကိုလည်း မူရင်းစေ တီ တော်နှင့် အနီးစပ်ဆုံးတူအောင် ပူဇော်တည် ဆောက်ထားရှိသည်။
သံဝေဇနိယ လေးဌာနတို့တွင် အသောကကျောက်စာတိုင်များကိုလည်း စိုက်ထူထားကြောင်း တွေ့ရသည်။ သံဝေ ဇနိယလေးဌာနတွင် ပါဝင်သည့် ပွင့်တော် မူရာ မဟာဗောဓိစေတီတော်မြတ်ကြီးနှင့် သတ္တသတ္တာ ဟခုနစ်ဌာနတို့ကို ပထမဦးစွာ တည်ဆောက်ထားပြီး ကျန်ရှိနေသည့် ဖွားတော်မူရာ၊ တရားဦးဟောတော်မူရာနှင့် ပရိနိဗ္ဗာန်စံတော်မူရာ နေရာတို့ကို ဆက်လက်တည်ဆောက်ပူဇော်ထားရာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ ကဆုန် လပြည့်နေ့တွင် အခမ်းအနားများဖြင့် ဖွင့်လှစ်သွားမည်ဖြစ်သည်။

မြန်မာ့မြေပေါ်တွင် ဗုဒ္ဓနှင့် ဆက်စပ် သော သာသနိကအဆောက် အအုံများကို မြန်မာပြည်သူပြည်သား ဗုဒ္ဓဘာသာဝင်များ အချိန်တို အတွင်း ငွေကုန်ကြေးကျသက်သာ စွာဖြင့် လွယ်လင့်တကူ ဖူးမြော်ကြည်ညိုနိုင် စေရန်၊ မြတ်စွာဘုရားရှင်အဆူဆူတို့ ပွင့်တော် မူရာဌာနထူးဖြစ်သည့် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာ ပုံစံတူကို အများပြည်သူ သံဝေဂယူ ကုသိုလ် ပွားများနိုင်စေရန်၊ မြန်မာနိုင်ငံတွင် ဗုဒ္ဓ၏ထူးမြတ်ဌာန သံဝေဇနိယများ တည်ရှိနိုင် စေရန်နှင့် ဗုဒ္ဓသာသနာတော်ကြီးကို ရေရှည် တည်တံ့ပြီး စဉ်ဆက်မပြတ် ထွန်းကားပြန့်ပွား စေရန် နေပြည်တော်ရှိ ဥတ္တရသီရိမြို့နယ် ဥဒယံသီကုန်းတော်မြတ်တွင် ပုံစံတူလေးဌာန ကို တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။

မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့ သည့်အတိုင်း ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်ကြသူများအနေဖြင့် သေလွန်သော အခါ နတ်ရွာသုဂတိ သို့ရောက်ရှိရန် သံဝေ ဇနိယ လေးဌာနကို မရောက်မဖြစ် ဖူးမြော် ကြည်ညိုလေ့ရှိကြသည်။ ယခင်ကရေခြား မြေခြားသို့ သွားရောက်ရန် အခက်အခဲရှိသူ များအနေဖြင့် မိမိတို့ဒေသမှပင် စိတ်မှန်း ဖြင့် ဖူးမြော်ခဲ့ကြရသော်လည်း ယခုအခါ တွင် ကိုယ့်မြေကိုယ့်ရေကိုယ့်ဌာနတွင်ပင် ပုံစံတူစေတီပုထိုးများကို ဖူးမြော်ကြည်ညိုနိုင် သဖြင့် ရဟန်းရှင် လူပြည်သူများအတွက် လောကီ၊ လောကုတ္တရာ နှစ်ဖြာအကျိုးများ ရရှိနိုင်မည်ဖြစ်သည်။

ကဆုန်လပြည့်နေ့သည် မြတ်စွာ ဘုရားရှင်ဖွားတော်မူသောနေ့၊ ဘုရား အဖြစ် ရောက်ရှိတော်မူသည့်နေ့နှင့် ပရိနိဗ္ဗာန်စံဝင် တော်မူသောနေ့များအဖြစ် ထူးကဲစွာဖြစ် တည်ခဲ့သော နေ့ထူး၊ နေ့မြတ်၊ နေ့မဟာ ဖြစ်ရာ ထို ”ဗုဒ္ဓနေ့”တွင် မြန်မာမြေပေါ်၌ သံဝေဇနိယလေးဌာနကို ဖွင့်လှစ်နိုင်ခြင်း သည် မြန်မာတို့၏ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်မှုနှင့် ဗုဒ္ဓ သာသနာတော် စည်ပင်ထွန်းကားပြန့်ပွားမှုကို ပုံဖော်နိုင်ခြင်း ပင်ဖြစ်ပေသည်။

Credit-မူရင်းရေးသားသူ

Leave a Reply

Your email address will not be published. Required fields are marked *