အဆိုတော် ဖြိုးပြည့်စုံ လွတ်သွားရ တဲ့ အဓိက အကြောင်းအရင်း

Posted on

ဖြိုးပြည့်စုံတို့ က အပြစ်မရှိလို့ လွတ်သွားတာပါဟု ဗဟန်းမြို့နယ်မှုးပြော

အဆိုတော်ဖြိုးပြည့်နှင့် သူငယ်ချင်းနှစ်ဦး ကို ယနေ့ ညနေ ၃နာရီခွဲအချိန်က လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့ ရဲမှုးသိန်းဝင်းက အတည်ပြုခဲ့ပါတယ်။

“လွတ်ပေးလိုက်တာထက် အပြစ်မရှိ လွတ်သွားတာပါဗျာ။ ၃ နာရီခွဲလောက်က လွတ်ပေးလိုက်တာပါ။ ဥပဒေအရ လွှတ်ရမယ့် ကိစ္စရှိလို့ လွှတ်ပေးလိုက်တာပါ။ ကျွန်တော် အဲလောက်ပဲဖြေပါရစေ။ ကျွန်တော်ချည်းပဲ လွှတ်တာမဟုတ်ဘူး။ ဥပဒေကြောင်းအရ လွှတ်ရမယ့်ကိစ္စဖြစ်ပြီး ဥပဒေနဲ့ အညီလွှတ်တာနော်။ ဗရမ်းဗတာ လွှတ်တာမဟုတ်ပါဘူး”ဟု ရဲမှုးသိန်းဝင်းက ပြောပါတယ်။

အောက်တိုဘာ ၇ ရက် ညနေက မြန်မာပလာဇာတွင် ဖြိုးပြည့်စုံ ၊ ငြိမ်းချမ်းကို နှင့် ရော်နီစန်းလွင်တို့ကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။

ဖြိုးပြည့်စုံတို့ကို မူးယစ်ပုဒ်မ ၁၉ (က) နဲ့ ဗဟန်းမြို့နယ်စခန်းမှာ အမှုဖွင့်ထားတာဖြစ်ပါတယ်။ အောက်တိုဘာ ၇ ရက် ညနေပိုင်းက မြန်မာပလာဇာမှာ ဖြိုးပြည့်စုံနဲ့ သူငယ်ချင်းနှစ်ယောက်တို့ကို မူးယစ်တပ်ဖွဲ့က ဖမ်းဆီး အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

နောက်တစ်နေ့မှာတော့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ၎င်းတို့ရဲ့ တရားဝင်းဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ၁၂၀၀၀ ကျပ်တန်ဖိုးရှိတဲ့ ကတ်တမင်းဆေးပြား ၁၀ ပြားကို ဖြိုးပြည့်စုံတို့သုံးဦးဆီက ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဆေးပြားဘူးနဲ့ ဓာတ်ပုံတွေနဲ့ အတူ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထုတ်ပြန်အပြီး နာရီပိုင်းအတွင်းမှာ အဲဒီကြေညာချက်ကို ဖြုတ်ချသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *