ကိုဗစ်ကြောင့် အနံ့မရ၊ အောက်ဆီဂျင်ကျ တဲ့ အခါနှင့် ဘာဆေးသောက်ရမလဲ ဘာတွေလုပ်ကြမလဲ

ဒီကာလ ကိုဗစ်က ရေလည်မွှေနေတော့ အကုန်ဒုက္ခရောက်နေကြတယ်။ ဒုက္ခရောက်တာ ကိုဗစ်ကြောင့်ချည်း ပဲဆို တော်သေးတယ်၊ သဘာဝဘေးအန္တရာယ်မို့ ဖြေသာတယ်။ အဲ့ထက်ဆိုးတာ ကောက်ရိုးတမျှင်အဖြစ် ကူရာ ကယ်ရာမဲ့ပြီး ဆွဲမိဆွဲရာတွေ ဆွဲပြီး ဒုက္ခရောက်တာက ပိုဆိုးတယ်။

စဉ်းစားကြည့်၊ သူ့ဟာသူ ပြန်ကောင်းလာနိုင်ချေရှိတဲ့သူတစ်ယောက်က မဟုတ်တာလုပ်လို့ ပိုဒုက္ခရောက်သွားမယ်ဆို ဘယ်လိုနေမလဲ။

ဒီအတွက်ကြောင့် အခုစာကို ရေးဖြစ်တယ်။ ဆွဲမိဆွဲရာ ကောက်ရိုးတမျှင်ကို ဆွဲမယ်ဆိုရင်တောင် အခြေခိုင်တဲ့ ကောက်ရိုးတမျှင်ကို ဆွဲတာက ကျိုးပြတ်သုံးစားမရတော့တဲ့ ကောက်ရိုးကို ဆွဲတာထက် တန်ဖိုးရှိတယ် မဟုတ်လား။

အနံံပျောက်ရင် ဘာရှုရမလဲ

မြင်နေတဲ့အတိုင်းဘဲ ဟိုဟာရှုရင် အနံ့ပြန်ရမယ် ဒီဟာရှုရင် အနံ့ပြန်ရမယ်တွေ ပွထနေတာပဲ။ ကျနော်တို့ ပုံမှန်အအေးမိနှာစေး နှာခေါင်းပိတ်ရင် ရှုဆေးရှု၊ ပရုတ်ဆီရှု စသဖြင့်လုပ်ရင် အနံ့ပြန်ရတယ်၊ ဟုတ်တယ်။

ဘာလို့လဲဆိုတော့ သာမာန် အဖျားပိုးက နှာခေါင်းနံရံကို ကလိတာမို့ နှာရည်တွေပိတ်လို့ရော၊ နံရံက အနံ့ခံဆဲလ်လေးတွေ ပြဿနာတက်လို့ရော အနံ့ခံနိုင်စွမ်း လျော့သွားတာ။ ပရုတ်ဆီလို အနံ့ပြင်းတဲ့ ပူတဲ့ပစ္စည်းမျိုးနဲ့လှုံဆော်ပေးလိုက်ရင် သက်သာသွားတယ်။ ဘာနဲ့တူလဲဆိုတော့ ကြွက်သားနာနေရင် ဒဏ်ကြေလိမ်းဆေးလိမ်းလိုက်လို့ ပူသွားချိန်မှာ သက်သာသွားသလိုပဲ။

ဒါပေမယ့် …

ကိုဗစ်က အဲ့လိုမဟုတ်ဘူး။ နှာခေါင်းကနေ ဦးနှောက်ကိုသွားတဲ့ အာရုံကြောကို ဗိုင်းရပ်စ်က တိုက်ခိုက်လို့ ခေတ္တအလုပ်မလုပ်တော့တာ။ ဒီတော့ နှာခေါင်းက ဆဲလ်လေးတွေကို အလုပ်လုပ်အောင် ဘာရှုရှု၊ ဘယ်လောက်လှုံ့ဆော်ဆော် ဘာမှမထူးဘူး။

ကျောရိုးထိလို့ အာရုံကြောပျက်ပြီး အောက်ပိုင်းသေတဲ့သူကို ဒဏ်ကြေလိမ်းဆေးလိမ်းလို့ မထူးသလိုပဲ။

ဒါဆို ဘယ်လို အနံ့ပြန်ရလဲ …..

ခန္ဓာကိုယ်က အနံ့ခံအာရုံကြောကိုတိုက်ခိုက်နေတဲ့ ဗိုင်းရပ်စ်တွေကို တားဆီးနိုင်လိုက်တဲ့အချိန် အနံ့ပြန်ရတယ်။ အဲ့ဒီ အာရုံကြောနားမှာရှိတဲ့ ဗိုင်းရပ်စ်တွေကို နိုင်တဲ့အခါပြောတာ၊ တခြားနေရာတွေ နိုင်မနိုင်နဲ့ မဆိုင်သေးဘူး။ နှာခေါင်းအာရုံကြောမှာဖြစ်နေတဲ့ ဗိုင်းရပ်စ်နဲ့ ကိုယ်ခံစွမ်းအားတို့ရဲ့ စစ်မြေပြင်ကိုပဲ နိုင်တာနဲ့ အနံ့ပြန်ရတယ်။

ဒီတော့ ပြောလိုတာ ဟိုဟာရှုလို့ပျောက်တယ်၊ ဒီဟာရှုလို့ အနံ့ပြန်ရတယ်ဆိုတာ လုံးဝလုံးဝ မဟုတ်ပါဘူး။ အနံ့ပြန်ရချိန်တန်ရင် အလိုလိုပြန်ရမှာပါ၊ အဲ့ဒီစစ်မြေပြင်နိုင်တာနဲ့ ပြန်ရတာပါ။ ဘာရှုလို့မှ မဟုတ်ပါဘူး။ အနံ့ပြန်ရမယ့်အချိန်နဲ့ ကိုယ်တစ်ခုခုရှုနေတာနဲ့ တိုက်ဆိုင်သွားတာမို့ ဒီဟာရှုလို့ပျောက်တယ် ဟိုဟာရှုလို့ပျောက်တယ်လို့ ထင်သွားကြတာပါ။ လုံးဝ လုံးဝ မဟုတ်ပါဘူး။

ပေါက်ကရရှုတာရဲ့ ပြဿနာက ကြီးပါတယ်။ ဥပမာ ပရုတ်ဆီအနံ့ပြင်းပြင်းကို လူကောင်းဖြစ်ချိန်မှာ အကြာကြီးရှုကြည့်ပါ ဘယ်လိုဖြစ်လာမလဲဆိုတာ။ နှာခေါင်းထဲ မခံမရပ်နိုင်အောင် ပူလာပါတယ်၊ နှာခေါင်းနံရံက ဆဲလ်လေးတွေ အဲ့လိုလှုံ့ဆော်မှုကို အဲ့လောက်အကြာကြီးမခံနိုင်ပါဘူး။ ဒါပေမယ့် အဲ့လိုခံစားချက်ပျောက်နေချိန်မှာ မသိနိုင်ပါဘူး၊ မသိတဲ့အတွက် ပျက်ဆီးလာချိန်မှာ သာမာန်အချိန်လိုသတိပေးတဲ့ ခံစားချက်တွေမရရင် နောက်မဆုတ်နိုင်ပါဘူး။

ဘာနဲ့သွားတူလဲဆို အပူကိုင်မိရင် အပူမလောင်အောင် လက်ကိုရုတ်ခြင်းဖြင့်တုံ့ပြန်တဲ့ ခန္ဓာကိုယ်ဟာ လေဖြတ်နေချိန်မှာ မီးလောင်နေလဲ ခံစားချက်မရဘဲ ပူလို့ပူမှန်မသိဘဲနေမိတယ်၊ ဒါပေမယ့် ကိုယ်က ပူမှန်းမသိလို့ ခန္ဓာကိုယ်က မပျက်ဆီးဘဲနေလားဆိုတော့ မနေပါဘူး၊ လက်တစ်ခုလုံးမီးကျွမ်းသွားမှာပါ၊ ဒီသဘောပါပဲ။

ဒီတော့ အနံ့ပျောက်တာ ကြောက်စရာ လန့်စရာမဟုတ်ပါဘူး။ အချိန်တန်ရင် ရောဂါသက်သာရင် အလိုလိုပြန်ရမှာပါ။ အလိုလိုပြန်ကောင်းမယ့် ကိစ္စတစ်ခုအတွက်နဲ့ မဟုတ်တာတွေ လျှောက်ရှုပြီး အကျိုးယုတ်နိုင်တာတွေနဲ့ ကိုယ့်ပြဿနာကိုယ်မရှာကြပါနဲ့။

အောက်ဆီဂျင်ကျတဲ့အခါ

ဒီပြဿနာက ပိုဆိုးပါတယ်။ အခုဆို ငါးကန်သုံးတဲ့ အောက်ဆီဂျင်စက်တွေရော၊ ဓါတုပစ္စည်းပေါင်းစပ်ပြီးထုတ်တဲ့ အောက်ဆီဂျင်ထုတ်နည်းတွေရော ပေါက်ကရတွေ အတော်များနေပါပြီ။ အကျိုးရှိလားမရှိလား ရှင်းပြပါမယ်။

ငါးကန်မှာသုံးတဲ့အောက်ဆီဂျင်စက်ဆိုတာ ဘာလဲ။

အဲ့စက်က သာမာန်လေကို ရာဘာပြားလေးနဲ့တွန်းပြီး ရေထဲကို ပလုံစီထအောင် လုပ်ပေးရုံပါ (မယုံရင်အထဲဖွင့်ကြည့် ဘာမှမပါဘူး ရိုးရိုးလေး)။

အဲ့လိုလုပ်ခြင်းဖြင့် ရေထဲကို ပလုံစီလေးတွေ အများကြီးဖြတ်သွားချိန်မှာ လေနဲ့ ထိတွေ့တဲ့ မျက်နှာပြင် surface area တိုးသွားတဲ့အတွက် ရေထဲက ကာဘွန်ဒိုင်အောက်ဆိုက်ဒ်နဲ့ သာမာန်လေထဲက အောက်ဆီဂျင်နဲ့ ဖလှယ်နိုင်တဲ့ နေရာပိုများသွားလို့ ရေထဲမှာ ကာဘွန်ဒိုင်အောက်ဆိုက်ဒ်လျော့သွားလို့ ငါးတွေအတွက် အသက်ရှုချောင်သွားတာပါ။

သာမာန်ဆို အပေါ်ယံရေမျက်နှာပြင်တစ်ခုပဲ အောက်ဆီဂျင်ဖလှယ်ဖို့ မျက်နှာပြင်ရှိတာမို့ ငါးများရင် မလုံလောက်တာပါ၊ အထူးသဖြင့် ဖန်ပုလင်းလို့ အဝကျဉ်းတဲ့ရေမျက်နှာပြင်ဆိုပိုသိသာပါတယ်။ ဒါကြောင့် ဖိုက်တာလိုမျိုး ဗိုက်ထဲ လေလှောင်ထားနိုင်တဲ့ငါးမျိုးပဲ ဖန်ပုလင်းနဲ့မွေးလို့ရတာပါ။

မြန်မာပြည်မှာ အောက်ဆီဂျင်စက်ခေါ်နေကြလို့ အထင်မှားကြတာပါ။ သူ့ရဲ့အမျိုးအစားမှန်က လေတွန်းစက် (Air pump) ပါ၊ စက်ပေါ်မှာလဲ Air pump လို့ပဲရေးထားပါတယ်။

ဒီတော့ ငါးကန်သုံးတဲ့အောက်ဆီဂျင်စက်ကိုသုံးရင် သွေးထဲအောက်ဆီဂျင်ကျတာအတွက် ဘာဆို ဘာမှ အကျိုးကျေးဇူး မထူးပါဘူး။ မလုပ်ပါနဲ့။

နောက်တစ်ခုဆက်ပြောရမှာ အောက်ဆီဂျင်ထုတ်တဲ့ ဓါတုဗေဒဖေါ်မြူလာနဲ့ထုတ်လို့ရတယ်ဘာညာပြောနေတာ။ အဲ့လိုထုတ်ရင် အောက်ဆီဂျင်ထွက်လားဆိုထွက်ပါတယ်။ ဒါပေမယ့် လူအတွက်သုံးလို့ရလားဆို မသင့်တော်ပါဘူး။

ဆေးရုံတွေမှာ သုံးရတဲ့အောက်ဆီဂျင်ဟာ အရမ်းသန့်စင်ဖို့လိုပါတယ်၊၊ Medical Oxygen လို့ခေါ်ပြီး 99.5% အောက်ဆီဂျင်သန့်စင်မှုအထိရှိသင့်တယ်လို့ဆိုပါတယ်၊ တကယ်တန်းဆို သာမာန် စက်မှုသုံး industrial oxygen တောင်မပေးသင့်ပါဘူး။ မသန့်စင်ဘဲ တခြားဓါတ်ငွေ့တွေများ ရောပါခဲ့ရင် ရှုမိတဲ့ လူနာအတွက် ဆိုးကျိုးတွေဖြစ်နိုင်တာမို့ပါ။

ဒီတော့ ကိုယ့်ဟာကိုယ် အိမ်မှာ ဓါတုပစ္စည်းရောပြီးထုတ်ခဲ့ရင် ဘယ်လောက်အထိသန့်စင်မလဲဆိုတာ၊ ဘယ်လိုပစ္စည်းတွေနဲ့ထုတ်မလဲဆိုတာ ပြဿနာရှိပါတယ်။ အောက်ဆီဂျင်မထွက်ဘူးပြောတာမဟုတ်၊ လူနာအတွက်စိတ်ချရတဲ့ အောက်ဆီဂျင်ဖြစ်ပါ့မလားဆိုတာပြောတာပါ။

ဒါဆို အောက်ဆီဂျင်ကျပြီး အောက်ဆီဂျင်အိုး ဝယ်မရရင် ဘာလုပ်ရမှာလဲ ……

အလွယ်ဆုံးလုပ်နိုင်တာ ပက်လက်မအိပ်ဘဲ မှောက်ရက် prone position အိပ်ဖို့ပါ။ အဲ့လိုအိပ်ချင်းဟာ အသက်ရှုရတာ ပိုသက်သာပါတယ်၊ အောက်ဆီဂျင်ပိုရစေပါတယ်။

သူ့ထက်ကောင်းတဲ့နည်းကတော့ မှောက်ရက်မှာ ဗိုက်/ခါးနေရာကို ခေါင်းအုံးစတာနဲ့ ခုထား၊ နည်းနည်းမြှင့်ထားပြီး ခေါင်းကို အောက်နည်းနည်းစိုက်စေတဲ့ ပုံစံပါ။ အကြမ်းဖျင်းပြောရရင်တော့ ခေါင်းစိုက်ပြီး ဖင်ဘူးခေါင်းထောင်တဲ့ပုံစံမျိုးပါ၊ အရမ်းကြီးထောင်ရမယ်မဆိုလိုပါ။

ဒါဟာ US က ဆရာဝန်တွေအနေနဲ့ လူနာတွေအတွက် အသက်ရှုရပိုလွယ် အောက်ဆီဂျင်ပိုရစေတာမို့ ကိုဗစ်ဖြစ်တဲ့လူနာတွေအတွက် အကျိုးရှိလို့ အကြံပေးထားတဲ့ပုံစံဖြစ်ပြီး လုပ်ရတာ မခက်ခဲပါဘူး။ အောက်ဆီဂျင်အိုးဝယ်မရ၊ ဘာမှ မလုပ်နိုင်ရင်တောင် ဒါမျိုးလုပ်ထားလို့ရတယ်လို့ အကြံပေးတာပါ။

နောက်တစ်ခုက အသက်ကို နက်နက်ရှုတာပါ။ လူတွေဟာ ပုံမှန်အသက်ရှုရင် သတိမထားမိပါဘူး shallow breathing ဖြစ်ပါတယ်။ အဲ့လိုရှုတဲ့အခါ အဆုတ်ရဲ့ လေအိတ်အသေးလေးတွေထဲအထိ မရောက်တဲ့အခါ အောက်ဆီဂျင်စုတ်ယူလဲလှယ်နိုင်မှု အားနည်းပါတယ်။

သွေးထဲကို အောက်ဆီဂျင်များများရောက်ဖို့ Deep breathing လို့ခေါ်တဲ့ အသက်ရှုတာ ပြင်းပြင်းနက်နက်ရှုဖို့လိုပါတယ်။ ၂-၃ စက္ကန့်လောက် အရှည်ကြီးရှုတာမျိုးပြောတာပါ။ အကောင်းဆုံးက ဝင်လေထွက်လေတရားမှတ်သလို အသက်ရှုတာကို သတိထားပြီး ပုံမှန်ရှုပေးခြင်းဖြင့် သွေးတွင်း SPO2 ကျဆင်းမှုကို အထိုက်အလျှောက်ကာကွယ်နိုင်မှာပါ။

ဘာဆေးတွေ သောက်ရမလဲ

လက်ရှိမှာ ကိုဗစ် ပျောက်အောင်ကုနိုင်တာ ဘာဆေးမှမရှိပါ။ ဒီအချက်ကို သေချာ သိထားဖို့လိုပါတယ်။ ကိုဗစ်မှာ ထောက်ပံ့ပေးတဲ့ ကုသမှု supportive treatment နဲ့ သက်သာစေတဲ့ ကုသမှု Palliative treatment တွေပဲ ပေးလို့ရပါတယ်။

ပျောက်ကင်းစေတဲ့ ကုသမှု Curative treatment မရှိသေးပါ။ ကိုဗစ်ကိုပျောက်အောင်ကုနိုင်တာ ကိုယ့်ခန္ဓာကိုယ်က အလိုလိုထုတ်တဲ့ ကိုယ်ခံစွမ်းအားပဲရှိပါတယ်။ အဲ့အချက်လုံးဝမမေ့ပါနဲ့။

ထောက်ပံ့ပေးတဲ့ကုသမှုမှာ –

ဗီတာမင်စီ (စီဗစ်) စတဲ့ အားဆေးပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားထုတ်လုပ်မှုမှာ ကုန်ကြမ်းပြတ်မသွားအောင် ထောက်ပံ့ပေးပါတယ်။ ကြက်ပေါင်းရည် ငှက်သိုက်ကစလို့ အာဟာရပြည့်စေတဲ့ အသီးအရွက်တွေ အစားအသောက်တွေအကုန် အသုံးဝင်ပါတယ်။

ကိုယ်ခံစွမ်းအားကို အရမ်းတက်ပြီးစူပါမင်းဖြစ်စေတာမဟုတ်ပါ၊ ထုတ်ဖို့လိုအပ်တဲ့ ကုန်ကြမ်းပြတ်မသွားအောင် ထောက်ပံ့ supply ပေးရုံသာဖြစ်တာ သေချာနားလည်ဖို့လိုပါတယ်။ ထောက်ပံ့ပေးတဲ့ ကုသမှုမှာ အခုလူတိုင်းသိနေတာ အောက်ဆီဂျင်ပေးတာလဲပါပါတယ်။

ဘာကို ထောက်ပံ့ပေးတာလဲဆို ဥပမာပေးရရင် သွေးတွင်းအောက်ဆီဂျင် SPO2 ကျတာ 70% အောက်ဆို အသက်အန္တရာယ်ရှိနိုင်တဲ့အခါ အောက်ဆီဂျင်ပေးလိုက်တဲ့အခါ 70 ကနေ 80-90 ကို ခဏပြန်ဆွဲတင်ထားနိုင်ပါတယ်။ အဲ့လိုဆွဲတင်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားက တိုက်ထုတ်နိုင်မယ့်အချိန်ကို ပိုရအောင် အပြင်က အထောက်အပံ့အနေနဲ့ပဲ ပေးတာပါ။

အောက်ဆီဂျင်ပေးလို့ ကိုဗစ်ပျောက်သွားမှာမဟုတ်ပါဘူး။

အဲ့လို ခဏဆွဲတင်ထားတဲ့အချိန်မှာ ခန္ဓာကိုယ်က အမှီမတိုက်နိုင်ရင် သေမှာပါပဲ။ ဥပမာ 30 အထိကျလို့ အောက်ဆီဂျင်ပေးရင် 50 လောက်အထိပဲရမယ်ဆို ရေရှည်မလုံလောက်တာမို့ ကယ်မရတဲ့သဘောပါ။

ဒီတော့ အောက်ဆီဂျင်ဟာ အရေးမကြီးဘူးလားဆို ကြီးပါတယ်။ အသက်ကို လုံးဝကယ်နိုင်မှာ သေချာလားဆို နိုးပါ။ အကြမ်းဖျင်း 10-20% လောက် အသက်ရှင်နိုင်ချေ ပိုတက်သွားစေတဲ့ အထောက်အပံ့ကုသမှုသာဖြစ်ပါတယ်။

ဒီသဘောကိုနားလည်ထားရင် ငါအောက်ဆီဂျင်ရှာမရလို့ သေတာ အောက်ဆီဂျင်သာရမယ်ဆို သေမှာမဟုတ်ဘူးလို့ အရမ်းနောင်တရနေစရာမလိုအောင် သဘောတရားရှင်းပြတာပါ။ ဆရာဝန်ရဲ့ တာဝန်က လူနာကိုကုဖို့လိုသလို ကျန်ရစ်တဲ့မိသားစုတွေ စိတ်ဒါဏ်ရာဖြစ်မနေအောင်လဲ ကုဖို့လိုပါတယ်။ Health ကျန်းမာရေးဆိုတာ ကိုယ်ခန္ဓာရော စိတ်ရော လူမှုရေး social ပါ ပါပါတယ်။

သေတဲ့သူက သေပြီ၊ ကျန်ခဲ့တဲ့သူတွေ စိတ်ဒါဏ်ရာတွေနဲ့ ကျန်ခဲ့ရင် အဆင်မပြေပါဘူး။

သက်သာစေတဲ့ကုသမှုမှာ –

ဖျားတာကို အပူကျအောင် ပါရာစီတမောပေးတာမျိုး၊ နှာစေးရင် ဝမ်းလျှောရင် ခေါင်းကိုက်ရင် … စသဖြင့် ရောဂါလက္ခဏာတွေကို သက်သာအောင် ဆိုင်ရာဆေးပေးတာမျိုးတွေပါ။ အဲ့ဒီဆေးတွေ က ပျောက်စေတာ မဟုတ်ပါ။ ဖြစ်နေတဲ့ ဝေဒနာကို ခေတ္တခဏ သက်သာစေရုံမျှသာဖြစ်တယ်ဆိုတာ သေချာ နားလည်ဖို့လိုပါတယ်။

ဒါအပြင် ဆေးတွေက ဘေးထွက်ဆိုးကျိုးဆိုတာရှိပါတယ်။ မလိုဘဲ စွတ်မသောက်သင့်ပါ။

ဥပမာ – ပါရာစီတမော မတရားသောက်ရင် အစာအိမ်ထိနိုင်တာမျိုးပါ။

နောက်ပြီး ကိုဗစ်ဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့ ပိုးသတ်ဆေး antibiotic မလိုပါ။ ပိုးသတ်ဆေးတွေ မလိုဘဲမသောက်ကြပါနဲ့။ ပိုးသတ်ဆေးတွေဟာ ဘေးထွက်ဆိုးကျိုးများသလို ဆေးယဉ်ပါးပိုးတွေဖြစ်လာရင် ပြဿနာ အလွန်ကြီးပါတယ်။

ပိုးသတ်ဆေးနဲ့ပတ်သက်လို့ ကိုယ်တွေ့ပြောရရင် လမ်းဘေးစာကြောင့် ဝမ်းလျောလို့ ပိုးသတ်ဆေးနဲ့ကုတဲ့အခါ ပျောက်တာမြန်ပေမယ့် ခဏခဏပြန်ဖြစ်ပါတယ်၊ နောက်ဆုံး ဒိန်ချဉ်နဲ့ probiotics တွေနဲ့ ရက်နည်းနည်းကြိတ်ခံပြီး အူတွင်းပိုး normal flora ပြန်မွေး၊ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားနဲ့ပြန်တိုက်ခိုင်းတော့မှ နောက်ထပ် ဝမ်းမလျောတော့တာပါ။ နောက်ပိုင်း မတော်လို့ဝမ်းလျောလာရင် ဒိန်ချဉ်နဲ့ probiotics နဲ့ပဲ ကုပါတော့တယ်။

အပေါ်မှာ ပြောခဲ့တာပဲ ပြန်သတိပေးပါမယ်။

ကိုဗစ်ကို အဓိကတိုက်နိုင်တာ ကိုယ်ခံစွမ်းအားပါ။

အပြင်က ဟိုဆေး ဒီဆေးတွေ မဟုတ်သလို ဟိုဟာရှု ဒီဟာရှုကြောင့်လဲ မဟုတ်ပါဘူး။ ဒီတော့ ကျေးဇူးပြုပြီး မလိုဘဲ ဆေးတွေစွတ်မသောက်ပါနဲ့၊ လျှောက်မလုပ်ကြပါနဲ့။

ကိုဗစ်ကြောင့်မသေဘဲ ကိုယ်သောက်တဲ့ဆေးကြောင့် ကိုယ်မဟုတ်တာတွေ လျှောက်လုပ်တာကြောင့် မတော်ဘဲသေသွားရင် ပိုရင်နာဖို့ကောင်းပါတယ်။ သတိထားကြစေဖို့ပါ။

ဒေါက်တာကျော်ကျော်စိုင်း (M.B.,B.S. IM1) #KKSHealth

Add a Comment

Your email address will not be published. Required fields are marked *