“အမေ့ အတွက် အောက်ဆီဂျင်တစ်အိုးတော့ ရအောင်လုပ်ပေးပါ ” ဗျာ………

ကျွန်တော် ဒီနေ့ လူကြားထဲ မျက်ရည်ကျမိတယ် ။ ကျွန်တော် ယနေ့ ကားပေါ်မှာ ငိုမိခဲ့တယ် ။

အလကားရတဲ့ “ လေ ” လို့ ပြောတဲ့သူကို အခုနေ အောက်စီဂျင် တအိုးသယ်ပြီး လိုက်ရှာ ကြည့်စမ်းပါဗျာလို့သာ ပြောချင်မိပါတယ် ။ မလွယ်ကူခဲ့ပါဖူး ၊ လုံးဝကို မလွယ်ကူနေခဲ့ပါဖူး ။

“အမေ့ အတွက် တအိုးတော့ ရအောင်လုပ်ပေးပါ ”

ဆိုကာ ကျွန်တော့ရှေ့တင် မြေပြင်မှာ ဒူးထောက် တသောင်းတန် ၂အုပ် မြေမှာချလို့ ရှိခိုးသူလည်း ဒီနေ့ မြင်ခဲ့ရပါပြီ ။ Phone Speaker ဖွင့်ကာ ပြောနေသည်ကို ဘေးက ကြားပြီး မျက်ရည်တွေတွေ ကျရသည်လည်း ယနေ့ ကြုံခဲ့ရပါပြီ ။

“ လေ ” အလကား ရတယ်လို့ ပြောမရတဲ့ ခေတ်ပါ။ Oxygen Plants တွေက ဝန်ထမ်းတွေ၊မန်နေဂျာများ နှင့် စက်ရုံပိုင်ရှင်- သူတို့လည်း မနားကြရပါဖူး ။

သောက နဲ့ ဇော ကပ်ကာ အပြေးရောက်လာပြီး မရသေးလို့ အော်ဟစ်သည်ကိုလည်း သည်းခံကြရ ၊ လာသူများကလည်း Positive သမားအိမ်တွေကမို့ အတော်ကို ခက်ခဲတဲ့ အခြေအနေတခုကို သူတို့ ရှိသမျှ အင်အားစိတ်ထုတ်လို့ ကိုယ်ချင်းစာနာစိတ်နဲ့ ပေးဆပ်ကာ ကြိုးစား ထုတ်လုပ်ပေးနေကြပါတယ် ။

သို့သော် စက်ပျက်ခြင်း ၊ မီးပြတ်ခြင်း နှင့် ထုတ်နိုင်စွမ်း နှင့် လိုအပ်ချက် မနိုင်နင်းနေသည်မို့ အလွန်ကိုပဲ ရရှိဖို့ရာ ခက်ခဲနေပါတယ် ။

ပရဟိတ အဖွဲ့အစည်း မြောက်များစွာတို့သည်လည်း နေပူမိုးရွာ မရှောင်အားပဲ စက်ရုံများရှေ့ တန်းစီစောင့် အိုးသယ် ချ/တင် ဖြင့် မနားမနေ ထုတ်ယူနိုင်သမျှ ကြိုးစားရယူပြီး မိမိတို့ကို တောင်းခံသမျှ ကူညီနိုင်ဖို့ အစွမ်းရှိသမျှထက် အစွမ်းကုန်ကို ကြိုးပမ်းနေကြသည် ကို မျက်မြင် မြင်ခဲ့ရပါတယ် ။

Oxygen မထောက်ပံနိုင်သဖြင့် ဖုံးထဲကနေ ဝေဒနာသည် မိသားစုရဲ့ ဆဲဆိုပြစ်တင် ကျိန်ဆဲခြင်းကို နှလုံးပိုက်ကာ မျက်ရည်တွေနဲ့ တွေတွေကြီး ငေးငိုင်နေတဲ့ ပရဟိတ ညီငယ် တဦးနဲ့လည်း ဆုံခဲ့ရပါသေးတယ် ။

ဒါတွေ ရေးပြနေတာ ခြောက်လှန့်လိုခြင်း လုံးဝ(လုံးဝ) မရှိပါ ခင်ဗျာ ။ လက်ရှိ ပရဟိတအဖွဲ့များ ၊ ‌အောက်စီဂျင် စက်ရုံများ နှင့် ဝေဒနာသည်တို့ရဲ့ မိသားစုတွေကြား အဖြစ်ကို
အတိုချုပ် ပြောပြကာ သတိထားနိုင်ဖို့နှင့် ဆင်ခြင်နိုင် စေရန် အတွက်သာ ရေးသား အသိပေးခြင်း ဖြစ်ပါတယ်။

ကျွန်တော် ကိုယ်တိုင်လည်း ယနေ့မှ 40 Liters အိုး တလုံးကို အဝေးတနေရာမှ အကိုကြီး တဦးရဲ့ လမ်းညွှန် အကူအညီပေးမှုကြောင့် ဝယ်ယူရရှိခဲ့ပြီး Oxygen Plants 4 ရုံ ပတ်ပြီးမှ အိုးဖြည့်ခဲ့ရသူပါ ။

မိတ်ဆွေ တို့ ခင်ဗျာ ။

အာရောဂျံ ပရာမံလာဘံ ဆိုသလို ကျန်းမာခြင်းသည်က အမှန်တကယ်ကို လာဘ်ကြီး တပါးမို့ မိမိကိုယ်ကို မိမိ “ ဂရုစိုက် ”ကာ ကာကွယ်‌ နေထိုင်ကြပါ ။

မြန်မာနိုင်ငံသူ/သား အပေါင်းတို့ ကပ်ကြီး ၃ ပါး ကျော်လွှားကာ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ဆေးလည်းစွမ်းကာ သမားစစ်တွေ့ရောဂါကင်းပ့ စိတ်ချမ်းသာစွာဖြင့် မိမိအလိုရှိရာ ကောင်းကျိုးများစွာဆောင်ရွက်နိုင်ကြ‌ပါစေ ခင်ဗျာ ။

(ပြည်သူတစ်ဦးရေးသားထားသည်ကို ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါတယ်) Source -MoeZayYa

Add a Comment

Your email address will not be published. Required fields are marked *