ဟိုလိုလို ဒီလိုလိုဖြစ်နေတဲ့ ခုချိန်မှာ ကလေးတွေ ပညာရေး ဘာလုပ်မလဲ

ကျောင်းမထားသင့်ဘူး၊ ကျောင်းမထားတော့ဘူးဆိုတဲ့ ကိစ္စတွေ ဖြစ်လာပြီးတဲ့နောက် ကိုယ့်ရဲ့ ကလေးတွေ အနာဂတ်အတွက် ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတဲ့ မိဘတွေ ရှိလာတယ်။

အထူးသဖြင့်တော့ ကျောင်းက အောင်လက်မှတ်ကို ပညာရေးလို့ထင်နေကြတဲ့ ကျနော်တို့နိုင်ငံမှာ၊ သင်ပေးတဲ့ ဆရာမှ မရှိရင် ဘာမှ မတတ်တော့ဘူးလို့ ထင်တဲ့သူ များတဲ့ ကျနော်တို့နိုင်ငံမှာ၊ပိုဆိုးတယ်။ ဒါပေမယ့် အခုခေတ်ဟာ မိဘအများစု ဖြတ်သန်းလာရတဲ့ မဆလခေတ်၊ နဝတခေတ် မဟုတ်တော့ဘူးဆိုတာ သတိထားမိတဲ့သူ အတော်နည်းတယ်။

ဒါဆို အခုခေတ်က ဘာခေတ်လဲဆို အင်တာနက်ခေတ် မိုဘိုင်းခေတ်။ အဲ့ခေတ်ရောက်တာနဲ့ ကလေးပညာရေးနဲ့ ဘာဆိုင်လို့လဲ၊အွန်လိုင်း သင်တန်းတွေ Class တွေ တက်လို့ရနေလို့လား၊ဘယ်သင်တန်းတွေတက်ရမှာလဲ၊ ခုချိန်ဝင်ငွေမရှိတော့ တက်ဖို့ ပိုက်ဆံမတတ်နိုင်ဘူး၊စသဖြင့် မေးခွန်းတွေ အများကြီးရှိလိမ့်မယ်။

ခုချိန်မှာ ကလေးတွေ ပညာရေး ဘာလုပ်မလဲ

အဲ့ဒါတွေအတွက်လဲ ပူစရာမရှိဘူး။

သေချာတာတစ်ခုကတော့ လက်ရှိ မိဘအများစုမှာ ဖုန်းတစ်လုံးနဲ့ ဆင်းကဒ်တစ်ခုတော့ ရှိနေကြပြီ။(ဖေ့ဘွတ်သုံးနိုင်တဲ့သူတွေဆိုရင်တော့ ပြောစရာမလိုဘူးထင်တယ်)

ဒါဆို ကျနော်အခုပြောမယ့် ကလေးပညာရေးကို ဆက်သွားလို့ရပြီ။ဆက်မပြောခင်မှာ သိထားရမှာ ဘယ်ဟာက ပညာရေးလဲ၊ ဘယ်ပညာရေးက အရေးကြီးလဲဆိုတာပဲ။အဓိကကျတဲ့ ပညာရေးက ၃ ခုပဲရှိတယ်။ အဲ့ဒါကို အရင် သဘောပေါက်ဖို့လိုတယ်။

၁ – ဘာသာစကား (Language)

၂ – သင်္ချာ (Maths)

၃ – စာရိတ္တနဲ့ ကျင့်ဝတ်

နံပါတ် ၃ အတွက်က ကလေးစာအုပ်တွေ ကလေးကာတွန်းတွေ ကလေးပုံပြင်တွေက အဓိကမို့ အခုပြောမယ့်ထဲ မထည့်တော့ဘူး။ ကလေးတွေအတွက် ဦးတည်ထုတ်ထားတဲ့စာတွေများများဖတ်ချင်လာအောင် မိဘတွေက ဆေးထိုးပေးဖို့ပဲလိုတာ။
ပြောချင်တာ လက်ရှိမှာ ကလေးတွေအတွက် အဓိကလိုအပ်နေတာ ၂ ခုပဲရှိတယ်။

ခုချိန်မှာ ကလေးတွေ ပညာရေး ဘာလုပ်မလဲ

ဘာသာစကား

သင်္ချာ

အဲ့ ၂ ခု မပြတ်သွားရင်ကို ကျန်တာက ကြီးမှ ဘယ်လိုသင်သင် မြန်တယ်၊ ခုခေတ်မှာ ဘာသာစကားအခြေခံရှိရင် သင်ဖို့လဲ မခက်ဘူး။မယုံမရှိနဲ့ အခြားပညာရပ်ပိုင်းဆိုင်ရာတွေက ဘာသာစကားတို့လို အချိန်အများကြီးမလိုဘူး၊ စိတ်ဝင်စားရင် စိတ်ဝင်စားသလို ခဏနဲ့ တတ်တာမြန်တယ်။ စိတ်ပူစရာမရှိဘူး။

ခုချိန်မှာ ကလေးတွေ ပညာရေး ဘာလုပ်မလဲ

နောက်တစ်ချက်က လူဆိုတာ ငယ်လေ ဘာသာစကားသင်တာ မြန်လေပဲ။ ဒီတော့ ကလေးတွေ ငယ်တဲ့အရွယ်မှာ ဘာသာစကားမသင်ဘဲ အချိန်တွေကုန်သွားရင် သိပ်နှမြောဖို့ကောင်းတယ်။ဒီတော့ ဘာသာစကားဟာ ကလေးငယ်တွေမှာ အရေးအကြီးဆုံး ပညာရပ်ပဲ။အဲ့ထဲမှာ ဘယ်ဟာ အရေးအကြီးဆုံးလဲဆိုတာ ပြောစရာမလိုဘူးထင်တယ်။အင်္ဂလိပ်စာဟာ အရေးအကြီးဆုံးပဲ။

ခုချိန်မှာ ကလေးတွေ ပညာရေး ဘာလုပ်မလဲ

ဘာလို့လဲ ….

ဘာလို့လဲဆို အင်္ဂလိပ်စာသာ အခြေခံရသွားရင် ကျန်တဲ့ ဘာသာစကားရော သင်္ချာကစလို့ ကျန်တဲ့ ဘယ်ပညာမဆိုရော သင်ဖို့ သိပ်လွယ်သွားတယ်။ ကျနော်ဆက်ပြောမယ့်အချက်တွေကျရင် နားလည်လာပါလိမ့်မယ်။ဒီတော့ ကိုယ့်ကလေးကို အင်္ဂလိပ်စာကို တကယ်ရင်းနှီးမှုရှိအောင် စကားစပြောတတ်ကတည်းက သင်ဖို့လိုတယ်။

ဘာနဲ့ သင်မလဲ …

ခုချိန်မှာ ကလေးတွေ ပညာရေး ဘာလုပ်မလဲ

ဖုန်းထဲမှာ Khan Academy Kids လိုမျိုး Learn English US by beginner လိုမျိုး app အက်ပလီကေးရှင်းလေးတွေထည့်ပြီး အဲ့ဒါနဲ့ သင်လို့ရတယ်။သူတို့က ပုံလေးတွေ ကာတွန်းလေးတွေနဲ့ အသံထွက်ရော ဘာရောသေချာသင်တယ်။ ပြီးရင် ဂိမ်းကစားသလိုပဲ ပြန်ရွေးပြ ဖြေပြရတယ်။ပိုက်ဆံပေးမှ သင်လို့ရတာမျိုးမဟုတ်ဘူး။ မပေးရင် ကြော်ငြာတွေ လာလာရှုပ်တာနဲ့ အကန့်အသတ်အချို့ရှိတာမျိုးပဲကွာတာ။

ဒါက ဘာမှ မတတ်သေးတဲ့ အခြေခံမရှိသေးတဲ့ ကျောင်းစတက်မယ့် ကလေးတွေအတွက်ပြောတာ။အင်္ဂလိပ်စာ အနည်းငယ် အခြေခံရှိပြီးသားကလေးတွေအတွက်ဆို ဘာမှကို အထူးအထွေ ပြောစရာမလိုတော့ဘူး။ ဘယ်ပညာသင်ချင်လဲ အရမ်းလွယ်သွားပြီ။Grammer သင်မလား – British Council က ထုတ်ထားတဲ့ Learn English Grammer ဆိုတာ ရှိတယ် အခြေခံကနေ အဆင့်မြင့်အထိ အကုန်ပါတယ်။

ခုချိန်မှာ ကလေးတွေ ပညာရေး ဘာလုပ်မလဲ

တခြားဘာသာစကားသင်မလား Duolingo လိုမျိုး app တွေရှိတယ်။ စပိန် ပြင်သစ် တရုတ် ဂျပန် အင်္ဂလိပ် ကိုရီးယားကစလို ဘာသာစကားအများစု အဲ့မှာသင်လို့ရတယ်။ သူက အင်္ဂလိပ်အခြေခံရှိဖို့ပဲလိုတာ။ကျနော့်တောင် အခု အဲ့မှာ ၂ ခု သင်နေသေးတယ်။ ဂိမ်းကစားသလို လုပ်ပေးထားတော့ အတော်မပျင်းရဘူး။သင်္ချာနဲ့ အခြားအခြေခံပညာတွေသင်မလား။ Khan Academy လို app တွေရှိတယ်။ တကယ်ကောင်းတယ်။ကွန်ပြူတာ Programming အခြေခံသင်မလား – Codespark လိုမျိုး app တွေရှိတယ်။

အခြေခံရှိလို့ နည်းနည်းမြင့်ပြီး HTML, SQL, JAVA, Python တို့လို တကယ့် Language ပိုင်းတက်သင်မလား – Mimo လိုမျိုး app တွေရှိတယ်။ပြောရရင် သင်ချင်တဲ့ ပညာရပ်တိုင်းနီးနီးအတွက် အခုခေတ်မှာ application တွေ အစုံရှိနေပြီဖြစ်သလို အများစုက ပိုက်ဆံပေးစရာမလိုဘူး (အကန့်အသတ်နဲ့ ကြော်ငြာလေးတွေ သည်းခံရတာပဲရှိတာ)စန္ဒရားသင်မလား၊ ဂစ်တာတီးသင်မလား၊ ပန်းချီဆွဲသင်မလား၊ ဟင်းချက်သင်မလား၊ သင်ချင်တာ အားလုံးနီးနီးရှိတယ်၊ သင်လို့ရတယ်။

ခုချိန်မှာ ကလေးတွေ ပညာရေး ဘာလုပ်မလဲ

App တွေနဲ့သင်တာ ဆရာနဲ့သင်တာထက်တောင် ပိုပြီး ပျော်ဖို့ကောင်းသေးတယ်။ ဘာလို့လဲဆိုတော့တဆင့်ချင်းစီ သေချာရှင်းပြတယ်၊ ဂိမ်းလေးတွေ ကစားရသလိုပဲ interactive ဖြစ်လို့ မပျင်းရဘူး၊ချက်ချင်းရမရ ပြန်စစ်တယ် စာမေးပွဲကြီးလို မလေးပင်ဘူး၊မှတ်မိအောင် အပြန်ပြန် အလှန်လှန် လုပ်ရတယ်၊

ပြီးရင် Experience တွေပေးတယ် Level တွေတက်တယ်၊ တခန်းအောင်မှ အသစ်ပွင့်တာမျိုးရှိတယ်၊Leaderscore board လိုမျိုး ကမ္ဘာတဝှမ်းက တခြားသင်တဲ့သူတွေနဲ့ ယှဉ်ပေးတယ် (ပြိုင်ချင်တဲ့သူတွေ ကြိုးစားပေတော့ပဲ)အကောင်းဆုံးအချက်က ဖိအားမရှိ ဆူမယ့်ဆဲမယ့်သူ မရှိတာပဲ။ app ကလေးတွေရဲ့ ရည်ရွယ်ချက်က ပေါ့တယ်။ တနေ့ ၅ မိနစ်သင်မလား ၁၀ မိနစ်သင်မလား ဒါပဲ၊ သူတို့ရဲ့ရည်ရွယ်ချက်က နေ့စဉ်မပြတ် တနေ့နည်းနည်းသင်စေချင်တာ။

ခုချိန်မှာ ကလေးတွေ ပညာရေး ဘာလုပ်မလဲ

နေ့တိုင်း လေ့ကျင့်ခန်းလာလာလုပ်ရင် diamond လိုမျိုး အထဲမှာသုံးလို့ရတဲ့ coin တွေ ဆုပေးတယ်။မယုံရင် ကလေးတွေကို မသင်ခိုင်းပဲ Duolingo app ကနေ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာစကားတစ်ခု အရင်သင်ကြည့်လိုက် (ကိုရီးယားကားကြိုက်တတ်ရင် ကိုရီးယားစကားဖြစ်ဖြစ်ပေါ့)အဲ့ဒါဆို သူတို့သင်တာဟာ သင်တန်းသွားတက်တာထက် ကောင်းမကောင်းသိသွားမယ်။ကျနော်တောင်အခု Duolingo နဲ့ Mimo သုံးနေတာ။

ကျနော်သမီးဆို Duolingo မှာ ဘာသာစကား ၃ မျိုး သင်နေလေရဲ့။ တနေ့နည်းနည်း ဖြေးဖြေး ဖြေးဖြေးနဲ့ ၄-၅ နှစ်ကြာလာတဲ့အခါ အတော် ဟုတ်သွားမှာသေချာတယ်။ နောက်ပြီး သင်္ချာအားနည်းတယ်ဆိုပြီး Khan Academy သင်နေတယ်။ အင်္ဂလိပ်စာအတွက် bbc က lesson video တွေ နားထောင်ခိုင်းထားတယ် (UK VPN တော့ကျော်ရတယ်)။

ခုချိန်မှာ ကလေးတွေ ပညာရေး ဘာလုပ်မလဲ

ကျန်တာ ဗဟုသုတအတွက်က သူ့ဟာသူ စာအုပ်ဖတ်ဖို့ ဆေးထိုးထားတာ အောင်သွားပြီ။ ကလေးတွေအတွက် အင်္ဂလိပ်စာအုပ်တွေ ကောင်းတာ Epic ဆိုတဲ့ app (Kindle ပေးဖတ်ထားတာ ကလေးစာအုပ်နည်းလို့တဲ့ သူ့ဟာသူရှာလာတာ) အဲ့မှာ ဖရီးဆို တနေ့တအုပ်ဖတ်လို့ရတယ်။

ပြောချင်တာ အင်တာနက်နဲ့ စမတ်ဖုန်းတစ်လုံး တက်ဘလက်တလုံး မရှားတဲ့ အခုခေတ်မှာ အစိုးရကျောင်းမှ မတက်ရရင် ကိုယ့်သားသမီး ပညာသင်လို့မရဘူး၊ ပညာမတတ်နိုင်တော့ဘူးလို့ ထင်နေစရာ ဖြစ်နေစရာမလိုတော့ဘူး။
အခုက အခြေခံပဲပြောတာ။ အဆင့်မြင့်ဆိုရင် Harvard လိုမျိုး တက္ကသိုလ်ကြီးတွေက online free program တွေ သွားတက်လို့ရသေးတယ်။ သူက နည်းနည်းသင်ပေး self study လုပ်ခိုင်းပြီး assignment တွေတင်ရတာဆိုတော့ အလေ့အကျင့်မရှိရင်

နည်းနည်းခက်ပေမယ့် လုပ်နေကျသွားရင် အေးဆေးဖြစ်သွားမယ်။ကျောင်းမတက်ဘဲ ၃ နှစ်နေရမလား ၄ နှစ်နေရမလား ဘာမှကိုပြဿနာမရှိတာ။ပြဿနာမရှိဘူးဆိုတာထက် အဆင်မပြေလှတဲ့ မြန်မာပညာရေးထက် ပိုအဆင်ပြေတဲ့ သင်ချင်တာ စိတ်ဝင်စားတာ သင်နိုင်တဲ့ ပညာရေးစနစ်တစ်ခုကိုတောင် ထိတွေ့ခွင့်ရအုံးမယ်။

ကလေးမှမဟုတ်ဘူး၊ ကိုယ်တွေ အသက် ၄၀-၅၀ တွေလဲ သင်လို့ရတယ် သင်သင့်တယ်။ ပညာလို အိုသည်မရှိ နောက်ကျသည်မရှိ။ အခုစသင်ရင် အသက် ၆၀ မှာ ကိုယ်လေးစားနေရတဲ့ လူကြီးတွေလို အရမ်းတော်၊ သူများထက် ပညာတွေ ဘာသာစကားတွေအများကြီးတတ်တဲ့သူဖြစ်နေမှာ သေချာတယ်။

ပညာရေးဆိုတာ လက်မှတ်ရမှ သူများအသိအမှတ်ပြုမှမဟုတ်ဘူး၊ တကယ်တတ်ဖို့ပဲလိုတယ်။တကယ်တတ်တဲ့သူဟာ လူတွေအသိအမှတ်ပြုတာ ခံလာရမယ်၊လက်မှတ်တွေ အများကြီးရထားပေမယ့် မတတ်ရင် ကြာလေ လူရာမဝင်လေပဲဆိုတာ သိထားရင်ရပြီ။

အခုပဲစသင်လိုက်ကြတော့(Example အက်ပလီကေးရှင်း App ပုံလေးတွေ တွဲပေးလိုက်တယ် ရှာရလွယ်အောင်)

Source;KKSeducation

Add a Comment

Your email address will not be published. Required fields are marked *