အခေါက်ရွှေ တစ်ကျပ်သား ၁၆ သိန်း ၃ သောင်းကျော် အထိ ဈေးထိုးတက်ပြီးအဝယ်များပြား၊ ဘဏ်နှင့်ငွေကြေးဈေးကွက်ကြီးတစ်ခုလုံး ဖရိုဖရဲ ဖြစ်နေ

ရန်ကုန်၊ မေ ၁၁

ရန်ကုန်တွင် ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၆၃၂၀၀၀ ကျပ် အထိ ဈေးထိုးတက်လျက်ရှိပြီး ဆိုင်ကြီးများတွင် အဝယ်များပြားလျက်ရှိကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ရွှေဈေးကတော့ အတက်ပဲရှိနေတယ်။ အခု လက်ရှိကို ၁၆ သိန်း ၃ သောင်း ၂ ၀၀၀ ပေါ့။ ဆိုင်ကြီးတွေမှာ အများပြည်သူက ဝယ်တာ ၁ ကျပ်သား၊ ၂ ကျပ်သား အဲလိုမျိုးတွေတော့ ဝယ်ကြတာများတယ်။ မီးလင်းရွှေဈေးကွက်မှာတော့ အဝယ်ရောင်း မျှတယ်။ ရောင်းတဲ့သူလည်းရှိတယ်။ ဝယ်တဲ့သူလည်းရှိတယ်” ဟု ဦးဝင်းမြင့်ကဆိုသည်။

လတ်တလော ပြည်တွင်းငွေကြေးဈေးကွက်တွင် ဘဏ်များပြိုလဲမည့် အခြေအနေ အကျပ် အတည်း များကြုံတွေ့နေရပြီး ငွေသားရှားပါးခြင်းနှင့် ပြည်သူများ၏ အပ်ငွေများကို ဘဏ်များက လုံး၀ ထုတ်မပေးနိုင်ခြင်းတို့ကြောင့် စီးပွားရေးကဏ္ဍတစ်ခုလုံးတွင် စိုးရိမ်မှုများမြင့်တက်နေကာ ရွှေ၊ ဒေါ်လာဈေးကွက်တွင် ရင်းနှီးမြုပ်နှံသူများ များပြားလာနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုလို ငွေကြေးဈေးကွက် မတည်မငြိမ်အချိန်မှာ အားလုံးက အစိမ်း (ဒေါ်လာ) အရောင်းအဝယ်ကလည်း ဘယ်သူကမှ ပေါ်တင်ကြီးမလုပ်ရဲဘူး။ ဘဏ်တွေမှာလည်း ငွေလဲ ကောင်တာရှိပေမယ့် အရောင်းအဝယ်မလုပ်နိုင်ဘူး။ အပြင်ဈေးကွက်ကလည်း သတိနဲ့ လုပ်နေရတာ။ ဒေါ်လာဈေးတက်ပြီး စစ်တပ်ကကောင်တွေက ဒေါ်လာဝယ်ရောင်းတွေ လိုက်ဖမ်းတော့တာပဲ။ အခုလောလောဆယ်တော့ တစ်ဒေါ်လာကို ၁၆၅၀ ဝန်းကျင်လောက်မှာပဲ အတက်အကျ အရောင်းအဝယ် ရှိနေတယ်” ဟု မဂိုလမ်းမှ ဒေါ်လာဝယ်ရောင်းလက်ကြီးတစ်ဦးက ဆိုသည်။

ယနေ့ ရန်ကုန်တွင် ဘဏ်များနှင့် ATM ပြည်သူ ရာပေါင်းများစွာ ဆက်လက်တန်းစီပြီး မိမိတို့ အပ်ထားသည့် ငွေကြေးများရရှိရေး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြရပြီး ဘဏ်များအပေါ် မယုံကြည်မှု အနေအထားမှာလည်း ဆက်လက်တိုးပွားလာနေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။

Credit;khit thit

Add a Comment

Your email address will not be published. Required fields are marked *